တရားအမှတ်စဉ် (၄)

ခန္ဓာငါးပါးထဲမှာတရားရှာခြင်း

(ပစ္စယပရိဂ္ဂဟဉာဏ်နှင့် သမ္မသနဉာဏ်)

၁။ ခန္ဓာငါးပါးထဲမှာ တရားရှာမယ်ဆိုလျှင် ရုပ်သဘာဝ၊ နာမ် သဘာဝတွေရဲ့ သူ့အလုပ်သူလုပ်ပုံတွေကို ကိုယ်တိုင်ရှုမှတ် ရင်း သိပြီးဖြစ်သလို ရုပ်နာမ်တွေရဲ့ သဘာဝကနေ ခန္ဓာငါးပါး ဖြစ်ပုံ ကိုလည်း သိရှိလာပြီဖြစ်ပါတယ်။ ဒီကတစ်ဆင့်ခန္ဓာ ငါးပါးရဲ့ ဖြစ်ခြင်းပျက်ခြင်း သဘာဝတရားတွေကိုလည်း ရှုမှတ်ခဲ့ကြပြီးဖြစ်ပါတယ်။

၂။ယခင်ကမိမိရှုခဲ့တဲ့ ရုပ်နာမ်ဖြစ်ပျက်တွေနဲ့ ယခုဘုရား အဆုံး အမအတိုင်းတိတိကျကျလုပ်လာလို့ သိတာတဲ့ဖြစ်ပျက် အသိတွေဟာ တူသလား၊ မတူဘူးလား၊ ဘယ်လိုကွာခြားသလဲ၊ဘယ်လောက်ကွာခြားသလဲဆိုတာ ကိုယ်တိုင်လက် တွေ့လုပ်တဲ့ အတွက်ခန္ဓာဉာဏ် ရောက်အမှန်သိလာမှာဖြစ်ပါတယ်။ ယခင်က ဖြစ်ပျက်၊ ဖြစ်ပျက်ဆိုပြီး ရှုနေပေမယ့် ဘာဖြစ်ပျက်မှန်း မသိဘဲ ရှုနေသလို၊ ယခုဘုရားဟောနဲ့ အညီ ခန္ဓာငါးပါးရဲ့ ဖြစ်ခြင်းပျက် ခြင်း သဘောသဘာဝကို ကိုယ့်ဉာဏ်နဲ ့ ရှုခဲ့တဲ့အတွက် ဘယ် လောက်အထိကွာခြားသလဲဆိုတာ နားလည် သဘောပေါက်လာ မှာဖြစ်ပါတယ်။

၃။ရုပ်တရားကဖောက်ပြန်တိုင်း နာမ်ကလိုက်ဖောက်ပြန် သလို၊ နာမ်ဖောက်ပြန်တိုင်းလည်း ရုပ်ကလိုက်ဖောက်ပြန်တဲ့ သဘောသဘာဝအမှန်ကိုမြင်တော့ ခန္ဓာငါးပါးဖြစ်ပြီး ခန္ဓာငါးပါး ပျက်နေပါလားဆိုတဲ့အသိကိုလည်း သိလာပြီဖြစ်ပါတယ်။ သို့ သော်လည်း ဒီဖြစ်ပျက်သည်ဘုရားသိစေချင်သော ဖြစ်ပျက် မဟုတ်သေးပါဘူး။ ဒီခန္ဓာငါးပါး ဖြစ်ပျက်ပေါ်ကို အခြေခံပြီးမှ ဘုရားလိုချင်တဲ့ ဖြစ်ပျက်ကိုရောက် အောင်သွားရမှာပါ။ အဲဒါမှ ပညာအလုပ် ဉာဏ်အလုပ်ဖြစ်သောကြောင့် ယခုအချိန်ကစပြီး ပညာပိုင်းရောက်လာပါပြီ။ ဒါကြောင့် ခန္ဓာငါးပါးမှာ တရားရှာဖို့ မိမိတို့ဉာဏ်ကို တိုးချဲ့ပြီးသုံးသပ်ရှုကြည့်ကြရအောင်။

( မိမိ၏ခန္ဓာင်းပီးထဲမှာ တရားရှာကြည့်ကြရအောင်)

၄။ရှေ့ကရှုခဲ့တဲ့ ခန္ဓာငါးပါးဖြစ်ပျက်ကနေပြီး ဉာဏ်ကို ဘယ် လိုတိုးချဲ့ကြမလဲ။ မြတ်စွာဘုရားဟောကြားထားတာက ဒီခန္ဓာ ငါးပါးဖြစ်ပြီး ခန္ဓာငါးပါးပျက်နေတာသည် အကြောင်းမဲ့မဟုတ်ပါ ဘူး။ အကြောင်းကင်းပြီး ဖြစ်လာတဲ့အရာတစ်ခုမှမရှိပါ။ ဖြစ်တာ သည် လည်း သူ့အကြောင်းတရားရှိသလို၊ ပျက်ရတာကလည်း သူ့ အကြောင်း တရားရှိလို့ပျက်ရတာပါပဲ။ အကြောင်းကြောင့် ဖြစ်လာ တဲ့ အကျိုးတရားတွေသည်ပျက်ကိုပျက်ရမဲ့သဘာဝတရား ကြီးပဲလို့ ဘုရားဟောတရား ဖြစ်လို့ အလေးအနက် ယုံကြည်ပြီးရှုမှတ်ကြရမှာပါ။

(ခန္ဓာငါးပါးဘာကြောင့်ဖြစ်လာရသလဲ?)

၅။အကြောင်းတရား ရှာကြည့်ရမှာဖြစ်ပါတယ်။ ခန္ဓာငါးပါး ဖြစ်လာရတဲ့အကြောင်းက တော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရား (၄)ပါး ကပြုပြင်ပေးလို့ဖြစ်လာရတာပါ။ အကျိုးတရားကတော့ဖြစ်ပြီးလျှင် ပျက်ကိုပျက်ရမယ့် နိယာမတရားဖြစ်တာကြောင့် မြတ်စွာ ဘုရားတောင်မှ မလွန်ဆန် နိုင်ပါဘူး။ ကံ၊ စိတ်၊ ဥတု အာဟာရ ဆိုတဲ့အကြောင်း တရား လေးပါးက ခန္ဓာငါးပါးကို ဘယ်လိုပြုပြင် ထောက်ပံ့ပေးတယ် ဆိုတာ မိမိရဲ့ခန္ဓာမှာ ဉာဏ်နဲ့ သုံးသပ်ကြည့်ကြရအောင်ပါ။

၆။အကြောင်းတရားလေးပါးက ခန္ဓာငါးပါးကို ဘယ်လိုပြုပြင် ထောက်ပံ့ပေးလို့ဖြစ်လာတာလဲဆိုတာကို အရင်ဆုံး စဉ်းစားရပါမယ်။ ကံ၊ စိတ်၊ ဥတု အာဟာရမှာ ကံကိုစဉ်းစားဖို့အတွက် မိမိ ဉာဏ်က မမှီတဲ့အတွက် ရုတ်တရက်စဉ်းစားဆင်ခြင်ဖို့ ခက်ခဲပါ တယ်။ ကံကို ခဏဖယ်ထားပြီး ကျန်တဲ့အာဟာရတွေ စိတ်တွေ ဥတုတွေနဲ့ အရင် ဆုံးစဉ်းစားကြည့်ရအောင်။

(ခန္ဓာငါးပါးကို အာဟာရကဘယ်လို ပြုပြင်ထောက်ပံ့ပေးသလဲ)

၇။ယခုလိုအသက်ရှင်နေထိုင်နိုင်ဖို့အတွက် နေ့စဉ်အာဟာရ ရှိတဲ့အစားအစာတွေကို စားပေးနေရတာပါ။ သင့်တင့်မျှတတဲ့ အစာ အာဟာရတွေကို မှီဝဲနေရတာဟာ အသက်ရှင်ဖို ့ ပဲမဟုတ် ပါလား။ ဒီအာဟာရတွေမှာ မမှီဝဲမစားသုံးရလျှင်၊ အာဟာရပြတ် သွားလျှင် အစာအာဟာရဖြတ်လိုက်လျှင် မိမိသည်ရှင်မှာလား သေမှာလားဆိုတာ မိမိကိုယ်ကို စဉ်းစားဆင်ခြင်သုံးသပ်ရမှာပါ။ ဒီအာဟာရကြောင့် ဒီခန္ဓာကိုယ်ကြီးရှင်သန်နေတာဖြစ်လို့ ဒီအာ ဟာရကို ဖြတ်လိုက်လျှင် ငါဘာဖြစ်သွားမှာလဲ။ အားပြတ်ပြီး သေမယ်ဆိုတာသံသယ ဖြစ်စရာမလိုပါဘူး။ အားပြတ်ပြီးသေမှာ မုချပါပဲ။ မုချဆိုတဲ့စကားသုံးရခြင်းကတော့ အရေးကြီးလို့ပဲဖြစ်ပါတယ်။

၈။အာဟာရသည် မိမိအသက်ရှင်သန်ဖို ့အတွက် ပြုပြင် ပေးနေရတယ်။ ထောက်ပံ့ပေးနေရတယ်။ ဒီအာဟာရသာဖြတ် လိုက်လျှင် အာဟာရသာပြတ်သွားလျှင်ငါမုချသေမှာပဲလို့ မိမိ ဉာဏ်ကလက်ခံပြီးသိလာလျှင် ခန္ဓာငါးပါးကို အာဟာရက ပြုပြင် ထောက်ပံ့ပေးနေတာကို ရှင်းရှင်းလင်းလင်းနဲ့ လက်ခံလာပြီဖြစ်မှာ ပါ။ ဒါဆိုရင် ဥတုကလည်း ခန္ဓာငါးပါးကို ဘယ်လိုထောက်ပံ့ပေး သလဲဆိုတာကို ဆက်ပြီးရှင်းသွားပါ့မယ်။

(ခန္ဓာငါးပါးကို ဥတုက ဘယ်လိုပြုပြင်ထောက်ပံ့ပေးသလဲ။)

၉။ မိမိရဲ့ခန္ဓာကို ဥတုကဘယ်လိုထောက်ပံ့ပေးသလဲလို့ စဉ်း စားသုံးသပ်ကြည့်ကြရအောင်။ မိမိရဲ့ခန္ဓာကိုယ်ကြီး အဆင်ပြေပြေ နေနိုင်ဖို့ အတွက် ရာသီဥတုပူလျှင်ပူသလို၊ အေးလျှင်အေးသလို ပြုပြင်ပေးနေရပါတယ်။ ပူလျှင်လည်း ပူတဲ့အလျောက် ပါးပါးလျား လျား အဝတ်တွေကိုဝတ်၊ အရိပ်အမိုးအောက်မှာနေရသလို၊ လျှင်လည်း ထူထူထဲထဲအနွေးထည်ဝတ်ပြီး ခန္ဓာကိုယ်ကို နွေးထွေး အောင်ပြုပြင်ပေးနေရတာပါပဲ။

၁၀။ ဒီလိုသာမပြုပြင်ဘူးဆိုလျှင် အပူလွန်ကဲ၊ အအေးလွန်ကဲ လို့ သေရတာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် မိမိခန္ဓာကြီး အသက်ရှင်သန်ဖို့အတွက် ဥတုအပေါ်မူတည်ပြီး ခန္ဓာကိုယ်ကို

အပူအအေးမျှတအောင် ပြုပြင်ပေးနေရတာဖြစ်တဲ့အတွက် မပြုပြင် ရင်ရော ဘာဖြစ်မလဲ။ ဒါဆိုလည်း မုချသေမှာပါပဲ။ ဒီလောက်ဆို ဥတုက ခန္ဓာငါးပါးကို ဘယ်လိုထောက်ပံ့ပေးသလဲဆိုတာ ရှင်းရှင်း လင်းလင်း သိနိုင်ပါပြီ။ ဆက်ပြီးစိတ်ကလည်း ခန္ဓာငါးပါးကို ဘယ် လိုထောက်ပံ့ပေးသလဲဆက်သုံးသပ်ကြရအောင်ပါ။

(ခန္ဓာငါးပါးကိုစိတ်ကဘယ်လိုပြုပြင်ထောက်ပံ့ပေးသလဲ။ )

၁၁။စိတ်ထောင်းတော့ကိုယ်ကြေတယ်ဆိုတဲ့ စကားအတိုင်း ပဲကိုယ်ကြေရုံသာမက အသက်ပါဆုံးရှုံးသွားတာလည်း ရှိပါတယ်။ စိတ်ဓါတ်တွေကျပြီး ကိုယ့်စိတ်ကိုယ်မထိန်းနိုင်တဲ့အတွက် အဆိပ် သောက်သေတဲ့သူ၊ ရေထဲခုန်ချသေတဲ့သူ၊ ဆွဲကြိုးချသေတဲ့သူ စသဖြင့် အမျိုးမျိုးဉာဏ်ရှိသလို စဉ်းစားကြည့် နိုင်ပါတယ်။ဒါကြောင့် စိတ်ဓာတ်အရမ်းကျနေလို့လည်းမဖြစ်တဲ့အတွက် ကိုယ့်ကိုယ် ကိုအားပေးရပါတယ်။ စိတ်အရမ်းတက်ကြွပြီး အပျော်လွန်လို သေတဲ့သူတွေလည်း ရှိတဲ့အတွက် ဤသို ့ မဖြစ်ရအောင် ကိုယ့် စိတ်လေးကို အမြဲတမ်းသတိလေးနဲ့ ပြုပြင်ပေးနေရပါတယ်။ မပြု ပြင်ပေးရင်တော့ ဖြစ်ချင်တာတွေ အကုန်ဖြစ်နေတော့မှာဖြစ်ပါတယ်။

၁၂။ဒါကြောင့် အသက်ရှင်နေတဲ့ မိမိခန္ဓာကိုယ်ကြီးကို စိတ်၊ ဥတု၊ အာဟာရဆိုတဲ့အကြောင်းသုံးပါးမပြုပြင်ပေးလျှင် သေမှာ မုချဆိုတာသိပြီမို့ ဉာဏ်ထုတ်နိုင်လျှင် ထုတ်နိုင်သလောက် ချဲ့ ဆင်ခြင်ပြီး သဘောပေါက်အောင်လုပ်ရပါမယ်။ ဒါဆိုလျှင်နောက် ဆုံးအရေးကြီး ဆုံးဖြစ်တဲ့ ကံအကြောင်းကိုသေသေချာချာလေး ဆင်ခြင်သုံးသပ်ကြရအောင်ပါ။

(ခန္ဓာငါးပါးကို ကံကဘယ်လိုထောက်ပံ့ပေးသလဲ။ )

၁၃။ ဥတု၊ အာဟာရ စိတ်တို့က မိမိရဲ့ခန္ဓာငါးပါးကို ဘယ်လို ပြုပြင်ပေးတယ်ဆိုတာသိပြီးဖြစ်တာမို့ အာဟာရပြတ်လျှင်ဆေးထိုး၊ ဆေးစား၊ ဆေးသွင်းပြုပြင်ပေးလို့ရနိုင်ပါတယ်။ ဥတုတို့စိတ်တို ဆို တာကလည်း မိမိကပြုပြင်ပေးလို့ရပါတယ်။ သို့သော်လည်း ကံကို တော့ မိမိဘယ်လိုမှမသိနိုင်ပါဘူး။ မိမိကံကိုမိမိမသိနိုင်ပါဘူး။ အတိတ်ကမိမိပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်ကံကြောင့် ယခုလက်ရှိ ခန္ဓာကြီးကိုရလာခဲ့ပြီးဖြစ်ပါတယ်။ ဒီခန္ဓာကိုယ်ကြီးကိုလည်း ကံက ပြုပြင်ပေးနေလို့၊ ထောက်ပံ့ပေးနေလို့၊ စီမံပေးနေလို့ သာ အခု အသက်ရှင်နေတာပါ။ ကံကုန်တဲ့တစ်နေ့သေကြရတာပါပဲ။ တစ် နေ ့သေရမယ်ဆိုတာကိုသိပေမဲ့ ဘယ်နေ့လဲ၊ ဘယ်အချိန်လဲ၊ မိမိ ကလည်း ဘာကံတွေ ပြုထားသလဲ။ မိမိပြုထားတဲ့ကံတွေကို မိမိ ကိုယ်တိုင်မသိတဲ့အတွက် ဒီကံပေးသလောက်သာအသက်ရှင်မှာပါ။ မိမိ၏အသက် (၁၀၀) အထိ နေရမယ်လို့လည်း အာမ မခံ နိုင်ပါဘူး။ ဘယ်အချိန်အထိ မိမိကံကပါနေလဲဆိုတာ မသိနိုင်ပါ။ အခုကံဖြတ်လျှင် အခုစကားပြောရင်း လမ်းလျှောက်ရင်း၊ ထိုင်နေ ရင်းလည်းသေနိုင်တာပဲမို့ အဲဒီကံကို ကိုယ်ကမသိနိုင်တဲ့အတွက်ကြောက် စရာအလွန်ကောင်းပါတယ်။

၁၄။ တချို့က မိမိရဲ့အတိတ်ကပြုတဲ့ကုသိုလ်၊ အကုသိုလ်ကံ ကြောင့် မိခင်ရဲ့ဝမ်းမှာပဋိသန္ဓေတည်ပြီး ခန္ဓာငါးပါးရလာပေမယ့် မိခင်ဝမ်းထဲ မှာပဲ အသေလေးမွေးလာတာတွေရှိပါတယ်။ လူ့ ဘဝ တော့ရပေမယ့် သူရဲ့အတိတ်ကပြုခဲ့တဲ့ကုသိုလ် ကလူ့ဘဝရဖို့ အခွင့်အရေးတော့ ပေးလာပေမယ့်ဗိုက်ထဲမှာတင်သူ့ရဲ့ ကံကကုန် တာပဲဖြစ်ပါတယ်။ မိခင်ကမွေးထုတ်လိုက်ပြီးအပြင်ရောက်လို့ နာရီ ပိုင်းလေးပဲခံတဲ့ကလေးတွေကလည်း နာရီပိုင်းလေးပဲ လူ့ ဘဝမှာ နေခွင့်ရတဲ့ကံကြောင့်ပါ။ အချို့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေကြတယ် ဆိုတာတွေကလည်း သူတို့ကံပါသလောက်ပဲ အသက်ရှင်နေကြ တာပါပဲ။ ကိုယ့်ရှေ့မှာ ငယ်တဲ့သူတွေ၊ ကြီးတဲ့သူ တွေ ကရော ဘာလို့သေနေကြတာလဲဆိုရင် အားလုံးက ကံဖြတ်လို့သေနေကြ တာပါ။ ဒါဆိုလျှင် မိမိကရောဘာလို့ မသေ သေးတာလဲ။ ဒီကံ လေးပေးနေလို့ မသေသေးတာပါ။ ကံကလည်း မိမိရဲ့ခန္ဓာကို ထောက်ပံ့ပေးနေတယ်ဆိုတာ ကွဲကွဲပြားပြားသိလာမှာဖြစ်ပါတယ်။

၁၅။ အတိတ်ကမိမိပြုလုပ်ထားတဲ့ကံကို မိမိဘာမှလုပ်လို့မရပါ ဘူး။ ပေးဆပ်ရမှာပဲဖြစ်ပါတယ်။ အတိတ်ကပြုခဲ့တဲ့ကံကို မြတ်စွာ ဘုရားလည်းမလွန်ဆန်နိုင်လို့ပေးဆပ်ခဲ့ရတာတွေလည်း တရား တော်တွေမှာ ရှိခဲ့ပါတယ်။ အသက်ရှင်နေတုန်းမှာ မိမိပြု ထားတဲ့ ကံက ပေးတဲ့အတိုင်းလက်ခံရမှာပါ။ ကံခြယ်လှယ်တဲ့အတိုင်းခံ နေ ကြရတယ်လို့ ဘုရားကဟောထားခဲ့ပါတယ်။ ယခုလက်ရှိ ပစ္စုပ္ပန် မှာ မိမိပြုလုပ်နေတဲ့ကံကတော့ ဘယ်အတွက်လည်း နောင်အနာ ဂါတ်အတွက်ဆိုတာ ကိုလည်းခွဲခြားနားလည်ဖို့လိုပါတယ်။

၁၆။ အာဟာရဝင်နေတုန်း စားနိုင်တုန်းမြို့ အာဟာရကြောင့် ချက်ချင်းမသေနိုင်သလို ဥတုမျှတခဲ့လျှင်လည်း ဥတုကြောင့် ရုတ် တရက် မသေနိုင်ပါဘူး။ စိတ်ကိုလည်း အချိန်နဲ့ လိုက်ပြီး ပြုပြင် ထားလို့ ရုတ်တရက်မသေနိုင်ပေမယ့် ကံကတော့မသိနိုင်ပါဘူး။ လက်တစ်ဖျစ် အတွင်းကံဖြတ်လျှင် သေနိုင်တာပါပဲ။ ဥပမာအားဖြင့် မိတ်ဆွေ တစ်ယောက်နဲ့ အခုစကားပြောခဲ့တယ်။ မိမိတောင် အိမ်မရောက်သေးဘူးသူသေသွားတယ်ဆိုတဲ့ သတင်းကြားရတာ တွေ၊ မိမိရှေ့မှာတင် ဘိုင်းကနဲကျပြီး လဲသေသွားတာတွေ လည်း ကြားဖူးတွေ့ဖူးကြတာမို့ ဒီကံတရားကြီးက ဘယ်အချိန် ဘယ် နေရာမှာ ဘယ်လိုသေရမယ်ဆိုတာမသိနိုင်ပါဘူး။ သေမဲ့ကံက အခုလား၊ တော်ကြာလား၊ မနက်ဖြန်လား ကိုယ်တကယ် မသိနိုင်တဲ့အတွက်အရမ်းအရေးကြီးပါတယ်။ ဝိပဿနာဆိုတာပညာ အလုပ်၊ ဉာဏ်အလုပ်၊ ဆင်ခြင်တဲ့အလုပ်ပါ။

၁၇။ မိမိရဲ့ခန္ဓာကြီးဟာအကြောင်းတရားလေးပါး ပြုပြင်လို့ရှင် နေတာ။ ဒီအကြောင်းတရားလေးပါးမှာ တစ်ပါးပါးချို့ယွင်းလျှင် ပျက်စီးရ၊ သေရမှာဆိုတာတွေကို အသေးစိတ်ဉာဏ်နဲ့ ဆင်ခြင် ရမှာပါ။ တရားလောကမှာမတွေးနဲ့၊ မကြံနဲ့၊ မဆင်ခြင်နဲ့ လို့ပြော နေကြတာတွေက သမထအပိုင်းပါ။ ကိလေသာဖြစ်စေမယ့် အတွေးတွေကို မတွေးရဘူးလို့ပြောတာပါ။ တရားသာထိုင်နေပေ မယ့် အိမ်အကြောင်း၊ အလုပ်အကြောင်း၊ မိသားစုအကြောင်းစတဲ့ ကိလေသာအတွေးတွေကိုသာမတွေးရတာပါ။ ဝိပဿနာအလုပ် မှာတော့ ခန္ဓာနဲ့ပတ်သက်လာလျှင် သေသေချာချာ သုံးသပ် ဆင်ခြင်တွေးခေါ်ရပါတယ်။ ဒါမှလည်း ပညာမဂ္ဂင်ဆိုတဲ့ သမ္မာ သင်္ကပ္ပနဲ့ ကိုက်ညီမှာပါ။ ခန္ဓာငါးပါးရဲ့ အကြောင်းကိုကြောင်းကျိုး ဆက်စပ်ပြီး သုံးသပ်ဆင်ခြင်နေတာဟာ ဓမ္မာနုပဿနာနဲ့ ရှူနေတာ မို့ ပုဂ္ဂိုလ်၊ သတ္တဝါ ပညတ်တွေမရှိပဲ အရှိပရမတ်တရားတွေပေါ် မှာသုံးသပ်နေတာပါ။ ဒီလိုသုံးသပ်ဆင်ခြင်လို့ ဝီစိကိစ္ဆကင်းပြီး

ဘုရားအဆုံးအမကို ယုံကြည်လာပြီဆိုလျှင် လက်တွေ့ ဘယ်လို အားထုတ်ကြမလဲဆိုတာ ဆက်ရှင်းသွားမှာဖြစ်ပါတယ်။

ခန္ဓာငါးပါးကိုအကြောင်းတရားလေးပါးထောက်ပံ့ကြောင်း ဘယ်လို ရှုကြမလဲ။ (ပစ္စယပရိဂ္ဂဟဉာဏ်)

၁၈။ရှေ့ကရှုခဲ့တဲ့ဉာဏ်က နာမရူပပရိစ္ဆေဒဉာဏ်ဖြစ်တဲ့ အတွက် နာမ်ခန္ဓာငါးပါးလည်း ဖွဲ့ပြီးပါပြီ။ ခန္ဓာငါးပါးအပေါင်း အစုလေးရဲ့ဖြစ်ခြင်း၊ ပျက်ခြင်းသဘောတွေကို အသေးစိတ်လည်း ရှုခဲ့ကြပြီးပြီလို့ ထင်ပါတယ်။ ခန္ဓာငါးပါးဖြစ်ပြီး ခန္ဓာငါးပါးပျက် နေတဲ့သဘာဝကိုတော့ တိတိကျကျရမှတ်ပြီး ဉာဏ်ဖြင့်မြင်အောင် ကြည့်ပါ။

၁၉။ ဒါဆိုရင်ကြောင်းကျိုးဆက်စပ်ပြီး ရှုရတဲ့ ပစ္စယပရိဂ္ဂဟ ဉာဏ် ပိုင်းလေးကိုစလိုက်ကြရအောင်ပါ။ ခန္ဓာငါးပါးဘာကြောင့် ဖြစ်တာလဲ? အကြောင်းတရားလေးပါးပြုပြင်ပေးလို့ဖြစ်လာတာ ပါ။ ဖြစ်ပြီး တာနဲ့ ပျက်ရတာက သူ့ သဘာဝတရားပျက်ပြီး တာနဲ့ တပြိုင်နက် ကာလမခြားနောက်ခန္ဓာငါးပါးက အစားထိုးပြီးပြန်ဖြစ် လာတယ်။ ဒီ အစားထိုးခန္ဓာက ဘာကြောင့်ပြန်ဖြစ်တာလဲ။ အခုန ကကံ၊ စိတ်၊ ဥတု အာဟာရဆိုတဲ့အကြောင်း တရားလေးပါးက ပြုပြင်ပေးလို့ဖြစ်လာတဲ့အစားထိုးခန္ဓာပါ။ ဒီအစားထိုးခန္ဓာက လည်း ကာလမခြားပြန်ပျက်၊ နောက်တစ်ခန္ဓာကပြန်အစားထိုးနဲ့ ခန္ဓာ ငါးပါးဖြစ်၊ ခန္ဓာငါးပါးပျက်၊ နောက်အသစ်ခန္ဓာငါးပါးပြန် အစားထိုးဖြစ်၊ ခန္ဓာငါးပါးတစ်ခါပြန်ပျက်၊ ပျက်ပြီးတာနဲ့ တစ်ခန္ဓာပြန် အစားထိုးနဲ ခန္ဓာငါးပါးတွေဟာ ဖြစ်လိုက်ပျက်လိုက်၊ အစား ထိုးလိုက်၊ ပျက်လိုက်နဲ့ ခန္ဓာတွေလည်နေတာကို ရှုကြည့်ရင်းမြင် လာတဲ့အခါမှာ ခန္ဓာငါးပါးတွေရဲ့ အကြောင်းအကျိုးတွေကို ဉာဏ် က မြင်လာပါလိမ့်မယ်။ ဒါကိုပဲ ခန္ဓာငါးပါးပေါ်ကို အကြောင်း အကျိုးနှင့် ဆင်ခြင်သိမ်းဆည်းတဲ့ဉာဏ် (ပစ္စယပရိဂ္ဂဟဉာဏ်)လို့ ခေါ်ပါတယ်။ ဒီလိုအကြောင်းအကျိုးနဲ့ ဆင်ခြင်မှသာ အား ကောင်းတဲ့ ဝိပဿနာဖြစ်မှာပါ။

၂ဝ။ တရားက ပညာဉာဏ်ပိုင်းရောက်လာတဲ့အတွက် အရမ်း ကို လေးနက်လာပြီးဖြစ်တာမို့ တရားကိုပေါ့ပေါ့ဆဆလေး မရှုမိပါ စေနဲ့။ မိမိရှုမှတ်တဲ့အခါ နာနေတယ်ဆိုရင် နာတဲ့နေရာလေး ကိုပဲစိတ်က ညွှတ်တာပါ။ စိတ်ကလည်းထင်ရှားရာ ထင်ရှားရာ ကိုပဲညွှတ်တာပါ။ ခန္ဓာမှာဖောက်ပြန်မှု တွေဘယ်လောက် အများ ကြီးဖြစ်နေဖြစ်နေ ထင်ရှားရာကိုပဲစိတ်ကညွှတ်နေတာပါ။ စိတ်က လည်းထင်ရှားရာကို ညွှတ်သလိုမိမိကလည်းထင်ရှားတဲ့ နေရာ လေးကိုရှုမှလဲ ဉာဏ်ကပိုပြီး သဘောပေါက်လွယ်မှာဖြစ်ပါတယ်။

၂၁။ ဖောက်ပြန်မှုတွေဟာ တစ်နေရာတည်းဖြစ်နေတာ မဟုတ် ပါဘူး။ မိမိကတစ်ကိုယ်လုံးကိုဖြန့်ပြီး ခြုံပြီးစိတ်အေးအေးလေးနဲ့ သမာဓိတည်အောင်စူးစိုက်ကြည့်လိုက်လျှင် ခန္ဓာကိုယ်တစ်ခုလုံး မှာ အပ်ဖျားလေးတစ်ခုချစရာနေရာမရှိအောင် တစ်ကိုယ်လုံးဖောက်ပြန်နေတာကို မိမိရဲ့ဉာဏ်မျက်စိဖြင့် မြင်လာပါလိမ့်မယ်။ ဒီနေရာလေးမှာလည်းနာ၊ ဟိုနားလေးကကျဉ်၊ ဟိုနေရာလေး ကယား၊ ဟိုဖက်လေးက လှုပ်လှုပ် ရွရွ၊ မွမွရွရွနဲ့ ဖောက်ပြန်နေတာ ကို မြင်လာလျှင် ခန္ဓာကိုယ်တစ်ကိုယ် လုံးမှာနေရာမလပ်ဖောက် ပြန်နေတာကို ဉာဏ်နဲ့ ပိုင်းခြားသိအောင် ကြိုးစားရှုမှတ်ရမှာပါ။

၂၂။ ဥပမာ-မျက်ခုံးလေးက တဆတ်ဆတ် လှုပ်နေတယ်ဆိုပါ စို့။ မျက်ခုံးလှုပ်တယ်ဆိုတာ တစ်လှုပ်ပြီးတစ်လှုပ်ဖြစ် နေတာပါ။ မျက်ခုံး တစ်ချက်လှုပ်တိုင်း ခန္ဓာငါးပါးဖြစ်ပြီး ခန္ဓာငါးပါးပျက်တယ်။ မျက်ခုံး တစ်လှုပ်တိုင်း တစ်လှုပ်တိုင်းဟာ ခန္ဓာငါးပါးဖြစ်ပြီး ခန္ဓာငါးပါးပျက် နေတယ်။ အဲဒီလို ခန္ဓာငါးပါးဖြစ်တာဟာ ကံ၊ စိတ်၊ ဥတု အာဟာရ ဆိုတဲ့ အကြောင်းတရားလေးပါး ပြုပြင်ပေး လို့ဖြစ်တာ။ ပျက်သွားတာကလည်း သူ့သဘာဝနိယာမတရားမို့ ပျက်တာနဲ့ ကာလမခြားချက်ချင်း အကြောင်းတရားလေးပါး ကြောင့်တစ် ခန္ဓာပြန်အစားထိုးနဲ့ ဖြစ်နေပျက်နေတာတွေမဆုံးတာ ကို ဉာဏ်ကထင်ထင်ရှားရှားသိလာပါလိမ့်မယ်။ ခန္ဓာတွေဟာ လက် တစ်ဖျစ်မှာ ရုပ်ကုဋေငါးထောင် နာမ်ကုဋေတစ်သိန်းပျက် နေပါတယ်ဆိုတဲ့ ဘုရားဟောထားတဲ့ စကားအတိုင်း ခန္ဓာငါးပါး တွေပျက်နေတာကိုမြင်အောင် ရှုနိုင်ပါလိမ့်မယ်။

၂၃။ တစ်ကိုယ်လုံးမှာခန္ဓာငါးပါးတွေဟာ သူ့ သဘာဝအတိုင်း ဖောက်ပြန်ပျက်စီးနေတဲ့ သဘောတွေပဲရှိပါလားလို့ သိလာပြီး ဒီလိုဖြစ်လာလိုက်၊ ပျက်သွားလိုက်ဖြစ်နေတာသည် မိမိယခု အသက်ရှင်နေတဲ့ ခန္ဓာကြီးမှန်းရှုပါများလျှင် မြင်လာပါလိမ့်မယ်။ မိမိအသက်ရှင်နေရ တာကလည်း ဒီ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆို တဲ့အကြောင်းတရားလေးပါးကထောက်ပံ့ပြုပြင်ပေးနေလို့သာ မိမိ သွားလာလှုပ်ရှားနေထိုင်အသက်ရှင်နေရတာပါလားဆိုတာကိုလည်း ဉာဏ်မှာထင်ထင်ရှားရှားမြင်လာမှာဖြစ်ပါတယ်။ ဉာဏ်ကိုတစ်ဆင့်တိုးရှုကြရအောင်ပါ။

( အကြောင်းအကျိုးဆက်စပ်၍ ကိုယ်အသေကိုယ်မြင်အောင် ဘယ်လို ရှုကြမလဲ။)

(အနိစ္စ သာမညလက္ခဏာရောက်အောင်ချမှတ်ပုံ)

၂၄။ အကြောင်းတရားလေးပါးမှာလည်း တစ်ပါးချို့ယွင်းလျှင် ဒီခန္ဓာဟာသေမှာပါလားလို့ ဆင်ခြင်ခဲ့ပြီးဖြစ်တဲ့အတွက် ခန္ဓာငါးပါး ဖြစ်လာတာဟာအကြောင်းလေးပါးထောက်ပံ့ လို့ ရှင်တာ၊ အကြောင်း တရားတွေသာမထောက်ပံ့လျှင် သေမှာပါလားလို့ အထပ်ထပ်ရှုရပါမယ်။ အပြောကတော့ ခန္ဓာငါးပါးဖြစ်ပျက်တာ ပါ။ ဉာဏ်ကမြင်ရမှာက ဖြစ်လာတာကရှင်တာ၊ ပျက်သွားတာက သေတာပါ။ ဒါဆိုရင် ခန္ဓာငါးပါးရဲ့ဖြစ်တာနဲ့ ပျက်တာသည်ရှင်လိုက်သေလိုက်ဖြစ်နေပါလားလို့လည်း ခန္ဓာအရှိကိုဉာဏ်အသိ နဲ့မြင်စေချင်တာပါ။

၂၅။ ခန္ဓာကိုယ်ရဲ့ဖြစ်ပျက်ကိုရှူလိုက်၊ အကြောင်းအကျိုးဆင်ခြင် လိုက်နဲ့မပြတ်တမ်းဆင်ခြင်တဲ့အခါ ခန္ဓာငါးပါးဖြစ်တယ်ဆိုတာ ငါတို့ ရှင်တာ၊ ပျက်တယ်ဆိုတာ ငါတို့သေတာပဲ။ အခု ဘုန်းကနဲ လဲကျ ပြီး မသေတာဟာ ဒီအကြောင်းတရားလေးပါးကထောက်ပံ့ပေးနေ လို့ဆိုတာသိမြင်လာပါလိမ့်မယ်။ ဥတု၊အာဟာရစိတ်ဆိုတဲ့ အကြောင်းသုံးပါး ပြုပြင်ပေးလို့ ချက်ချင်းမသေနိုင်ပေမယ့် ကား အကြောင်းတရားက အခုဖြတ်ချလိုက်လျှင် အခုချက်ချင်းသေနိုင် တဲ့အတွက် ဒီကံကိုတော့ မိမိတကယ်မသိနိုင်ခြင်းသည် တကယ့်ကို ကြောက်စရာကောင်းတဲ့ သဘောတွေဖြစ်ကြောင်းကိုလည်း ဆင် ခြင်သုံးသပ်ရပါမယ်။

၂၆။ မိမိရှုမှတ်တဲ့ဖြစ်ပျက်တွေဟာ ရှင်လိုက်၊ သေလိုက်သဘော တွေဖြစ်လို့ မိုးကုတ်ဆရာတော်ဘုရားကြီး ပြောတဲ့ကိုယ့်အသေ ကိုယ်မြင် မှအမှန်ဆိုတဲ့ စကားအတိုင်းလိုပဲဒီဖြစ်ပျက်၊ ဖြစ်ပျက်တွေ ဟာ မိမိရဲ့ အသေတွေပါပဲ။ ဒီလိုအပျက်တွေကို အသေတွေလိုမြင် မှသာ ငါတကယ်သေမှာပါလားဆိုတဲ့ အနိစ္စတစ်လုံးကို တကယ် သိလာမှာပါ။ ခန္ဓာငါး ပါးဖြစ်ပျက်နေတာကိုရှုမှတ်ရင်းဖြစ်ပျက်ဟာ ရှင်လိုက်သေလိုက်ပါလား။ တကယ်မမြဲတာပါလား။ တကယ်သေရမှာပါလားဆိုတဲ့ အသိဟာ အပြောသိမဟုတ်ပဲ ခန္ဓာဉာဏ် ရောက်တကယ်ရှုရင်းသိတဲ့ တကယ့်အနိစ္စပါပဲ။ မိုးကုတ်ဆရာ တော်ကြီးဟောတဲ့အတိုင်းပဲ **ငါသည်မုချသေရမည်။ အချိန်ပိုင်း သာလိုတော့သည် ဆိုတဲ့စကား အတိုင်း အချိန်ပိုင်းဆိုတာ အခုမှ အခုပဲ။ လက်တစ်ဖျစ်လေးပဲ၊ အခုကံဖြတ်ရင် အခုချက်ချင်းလဲကျ သေနိုင်ပါလားလို့ ကြောက်လန့်စိတ်တွေ ပေါ်လာတာကို ဘယ ဉာဏ်လို့ပြောတာပါ။

(ကြောင်းကျိုးဆက်စပ်ဆင်ခြင်ခြင်းဖြင့် သမ္မသနဉာဏ်သို့

ကူးပြောင်းပုံ။)

၂၇။ ဝိပဿနာဆိုသည်မှာ ဉာဏ်အလုပ်ဖြစ်တဲ့အတွက်ခန္ဓာ ကို ကြည့်ပြီးအကြောင်းအကျိုးကွင်းဆက်တွေဟာ ဆက်စပ်နေ တာမို့ ခန္ဓာပဋိစ္စသမုပ္ပါဒ်လို့ပြောတာပါ။ ရှုမှတ်ရင်းနဲ့ ပစ္စုပ္ပန် သံသရာလည်နေတာပါ။ အကြောင်းတရားလေးပါးပြုပြင် လို့ဖြစ်လာတဲ့ ခန္ဓာငါးပါးဟာရှင်တာ၊ တနည်းပြောရရင်မွေးတာ၊ ဒါဆိုရင် ဇာတိဖြစ်လာတာပါ။ ခန္ဓာငါးပါးပျက်သွားတာကတော့ သေတာပါ။ ဒါဆိုရင် မရဏပါပဲ။ အခုလက်ရှိပစ္စုပ္ပန်မှာရှုနေတဲ့ဖြစ် ပျက်ဟာဉာဏ်မှာ ဇာတိ၊ မရဏ ဖြစ်လာတာမို့ သာမာန်မဟုတ် တော့ပါဘူး။ ဒါဆိုလျှင် မိမိရှုနေတဲ့ ခန္ဓာငါးပါးဖြစ်ပျက်လေး ဟာ ဇာတိ၊ မရဏလို့ မြင်လာနိုင်ပါတယ်။

၂၈။ မြတ်စွာဘုရားက တရားရှာခန္ဓာမှာရှာခိုင်းတာ၊ ဖြစ်ပျက်ကို ရှုခိုင်းတာတွေဟာ မိမိခန္ဓာရဲ့ သဘာဝတရားကြီးသည် မမြဲနေတာ ကို ဉာဏ်ကမြင်လာအောင်ပါ။ ဒါကိုယ့်အသေကိုယ်မြင်တဲ့ အနိစ္စ ကိုမြင်တာပါ။ ဒါဟာ သာမညလက္ခဏာဖြစ်တဲ့အနိစ္စ လက္ခဏာ ကို ဆိုက်လာတာပါ။

၂၉။ ရုပ် နဲ့ နာမ်တွေရဲ့သဘာဝတရားကို အကြောင်းအကျိုးနဲ့ ဆင်ခြင်တဲ့အခါမှသာခန္ဓာငါးပါးရဲ့သဘာဝတရားကြီးသည် မမြဲနေ ပါလားဆိုတဲ့ အနိစ္စသာမညလက္ခဏာကြီးကို အလိုလိုမြင်သွား တာ က မှအမှန်မြင်တာပါ။ ခန္ဓာငါးပါးကို အကြောင်းအကျိုး နဲ့ဆင်ခြင်ပြီး သိလာတဲ့အနိစ္စမှသာ ဘုရားသိစေချင်တဲ့ အနိစ္စပါ။ သဘာဝလက္ခ ဏာကနေ သာမညလက္ခဏာကို ဉာဏ်ကသူ့ဟာ သူကူးပြီးမြင်တာမို့ကိုယ်ကသွားမြင်အောင်ကြည့်စရာမလိုပါဘူး။ ရုပ်နာမ်တွေရဲ့ သဘာဝလက္ခဏာကိုသာ ပိုင်ပိုင်နိုင်နိုင်ကြည့်ဖို့လိုပါ တယ်။ ဒါမှသာ ရှုကြည့်ရင်း ရှုကြည့်ရင်းမှ သာမညလက္ခဏာ ကပိုပိုပြီး ထင်ရှားလာမှာပါ။ ခန္ဓာဉာဏ်ရောက်တကယ်သိတဲ့ လက္ခဏာပါ။

၃၀။ အထက်မှာဖော်ပြခဲ့သလို ခန္ဓာငါးပါးကိုအကြောင်း အကျိုး နဲ့ ဆင်ခြင်တဲ့ဉာဏ်ကတော့ ပစ္စယပရိဂ္ဂဟဉာဏ်ပါ။ ဒီလို အကြောင်း အကျိုးတွေနဲ့ ဆက်စပ်ဆင်ခြင်ရင်း တစ်ခုချင်းတစ်ခုချင်းကွင်းဆက် တွေမိအောင်ဆင်ခြင်သုံးသပ်သွားနိုင်တာကို

သမ္မသနဉာဏ်လို့ခေါ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ဒီဉာဏ် နှစ် ဉာဏ်ဖြစ်တဲ့ ပစ္စယပရိ ဂ္ဂဟဉာဏ်နဲ့ သမ္မသနဉာဏ်ကိုပေါင်း စပ်ပြီ ဘယ်လိုဆင်ခြင်သုံးသပ် ပြီးရှုရမလဲဆိုတာကို ဆက်ပြီးရှင်းပြ သွားပါ့မယ်။

(မပစ္စယပရိဂ္ဂဟဉာဏ် နှင့် သမ္မသနဉာဏ်ပေါင်းစပ်ပြီး ဘယ်လို ဆင်ခြင် သုံးသပ်ပြီးကြမလဲ?)

(အနိစ္စသာညေလတ္မွာ ဒုက္ခသာမညလက္ခဏာကူးပြောင်းပုံ)

၃၁။ ခန္ဓာငါးပါးရဲ့သဘာဝတရားတွေကို ကြောင်းကျိုးဆက်စပ် ဆင်ခြင်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ်ကနေပြီး သမ္မသနဉာဏ်ကိုတဆက် တစပ်တည်း ဉာဏ်ကကူးပြောင်းသွားတာပါ။ ဖြစ်ခြင်းနဲ့ ပျက် ခြင်းမှာ ဖြစ်တာက ဇာတိ၊ ပျက်တာကမရဏလို့သိလာပြီဆိုလျှင် မိမိရဲ့ခန္ဓာကြီးဟာ ဇာတိ၊ မရဏဆိုတဲ့ မမြဲတရားသာရှိပါလားလို့ ဉာဏ်က ပိုင်း ခြားပြီးဝီစိကိစ္ဆာကင်းကင်း နဲ့ ယုံကြည်သွားခြင်းဖြင့် ခန္ဓာငါးပါးအပေါ်မှာ ခိုင်တယ် မြဲတယ်လို့ ထင်နေတဲ့ သဿတ ဒိဋ္ဌိဆိုတဲ့ အယူကြီးစင်သွားတာပါပဲ။

၃၂။ မိမိကိုယ်မိမိမမြဲတာကိုလည်း သိပြီး၊ မုချသေရမှာကိုလည်း သိပြီဆိုလျှင် သေပြီးရင်ရောအေးပြီလားလို့ သုံးသပ်ဆင်ခြင်ကြည့် ပါ။ တကယ်တော့ မိမိရဲ့ယခုလက်ရှိ ခန္ဓာဟာ အတိတ်ကမိမိပြုခဲ့တဲ့ကုသိုလ်၊ အကုသိုလ်ရဲ့ ကံသတ္တိတွေကြောင့်ရလာတဲ့ခန္ဓာပါ။ အတိတ်က မိမိပြုလုပ်ထားတဲ့ ကုသိုလ်၊ အကုသိုလ်ကံကဒီဘဝမှာ တောင်ဆပ်ရတဲ့ အကြွေးတွေက မကြေသေးပဲကျန်နေသေးတဲ့ အပြင် အခု ရှင်သန်စဉ်မှာလည်း နောက်ထပ်ကံအသစ်တွေထပ်ပြု နေပါသေးတယ်။ ကံအသစ်ထုပ်ကြီးကလည်း ထပ်ရှိ နေသေး တဲ့အတွက် အတိတ် ကံနဲ့ ပစ္စုပ္ပန်ကံတွေပေါင်းစပ်ပြီး ဒီကုသိုလ် အကုသိုလ်ကံတွေပြုမှုကြောင့်သေရင်မအေးပဲ နောက်တစ်ခန္ဓာ ပြန်ရအုန်းမှာပါလားလို့ သိလိုက် ရင်ပဲနောက်ထပ်ဒိဋ္ဌိတစ်ခုဖြစ်တဲ့ ဒီဘဝ ဒီမှာပြီးပြီပြတ်ပြီနောက်ထပ် ဘာမှမဖြစ်ဘူးဆိုတဲ့ ဥစ္ဆေဒ ဒိဋ္ဌိအယူမှားကြီး စင်သွားမှာဖြစ်ပါတယ်။

၃၃။ တရားသဘောတွေအပေါ်မှာ အမြင်စင်ကြယ်လာတဲ့ အခါ ဝီစိကိစ္ဆာလည်းစင်ကြယ်လာပါတယ်။ ဒီလိုစင်ကြယ်လို့လည်း ဒိဋ္ဌိ ပြုတ်တာပါ။ ဒီလိုအသိတွေမှန်မှန်ကန်ကန်သိလျှင်တော့ ဘုရားဟောထားတဲ့ စူဠသောတာပန်ရဲ့အသိလို့ လည်းသတ်မှတ် ထားပါတယ်။ ခန္ဓာဉာဏ်ရောက်တကယ်သိမသိကတော့ မိမိ ကိုယ်မိမိစမ်းစစ်ကြည့်ရမှာပါ။ တကယ်လက်တွေ့ ရှုမှတ်ကျင့် ကြံဖို့ ပဲလိုတာပါ။ တကယ်လက်တွေ့ လုပ်ရင် တကယ်တွေ့၊ တကယ်ရ တဲ့တရားပါ။

၃၄။ တရားကိုဆက်ပြီးဆက်စပ်ရှုကြည့်ကြရအောင်ပါ။ ဒီ ကုသိုလ်၊ အကုသိုလ်ကံတွေကြောင့် နောက်ခန္ဓာပြန်ရအုန်းမှာ ဆိုတာကိုလည်း ဆင်ခြင်ရပါအုန်းမယ်။ အခုသာလူ့ဘဝရပေမယ့် နောက် ရမယ့်ဘဝဟာ ဘယ်ခန္ဓာရမယ်ဆိုတာ မိမိတကယ်မသိနိုင် ပါဘူး။ သုဂတိဘုံကိုရောက်မလား။ အပါယ်လေးဘုံလားဆိုတာ မသိနိုင်ပါဘူး။ အပါယ်လေးဘုံရောက်သွားရင်တော့ ကြောက်စရာ အလွန် ကောင်းပါတယ်။ တရားဆိုတာ ကွင်းဆက်မိအောင် ဆက် စပ်ပြီး ဆင်ခြင်သုံးသပ်ရမှာပါ။ အဲဒါကဓမ္မာနုပဿနာပါ။ ဖြစ်ပျက် လေးတစ်လုံးကနေ ဓမ္မာနုပဿနာဆိုက်အောင်ရှုရပါမယ်။

၃၅။ ဝိပဿနာရှုမှတ်ပြီဆိုလျှင် ပညာမဂ္ဂင်မပါလို့မရပါဘူး။ ပညာမဂ္ဂင်တွေဖြစ်တဲ့ သမ္မာသင်္ကပ္ပဆိုတဲ့ စဉ်းစားဆင်ခြင် တွေး တော သုံးသပ်မှုမရှိလျှင် သမ္မာဒိဋ္ဌိမဖြစ်နိုင်ပါဘူး။ ခန္ဓာရဲ့အရှိ သဘာဝတရား ဖောက်ပြန်မှုတွေပေါ်ကနေ အကြောင်းအကျိုး တွေနဲ့ ဆင်ခြင်မှုကြောင့်လည်းငါတို့ဟာတကယ်သေမှာပါလား ဆိုတဲ့ ဆုံးဖြတ်ချက်ကိုသမ္မာ ဒိဋ္ဌိဉာဏ်ကြီးကြောင့် ဆုံးဖြတ် ချက်ချလိုက်နိုင်တာပါ။ ဒါ့ကြောင့်ခန္ဓာ ငါးပါးကိုမဂ္ဂင် ငါးပါး နှင့်ရှုရပါတယ်။ ဒီလိုမဂ္ဂင်ငါးပါးမပြည့်စုံလျှင် မဆင်ခြင်မသုံး သပ်လျှင်ဒီလိုမဆုံးဖြတ်နိုင်ပါဘူး။ ဝီစိကိစ္ဆာလည်း မပြုတ်သလို၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိတွေပြုတ်မှာမဟုတ်ဘူးဆိုတာ သိထား ရမှာဖြစ်ပါတယ်။

၃၆။ ခန္ဓာငါးပါးတွေဟာဖြစ်ပြီးရင်ပျက်၊ ပျက်ပြီးလျှင်တစ်ခန္ဓာ ပြန်အစားထိုးတစ်ခါပြန်ပျက်၊ တစ်ခါပြန်အစားထိုးနဲ့ ဇာတိဖြစ်လာ လိုက်၊ မရဏဖြစ်လာလိုက်၊ ဇာတိတွေပြန်ရလိုက်နဲ့ ၊ ခန္ဓာတွေရ တိုင်းရတိုင်းလည်း သေနေရအုန်းမှာလို့ မိုးကုတ်ဆရာတော် ဘုရား ကြီးကအထပ်ထပ်ဟောခဲ့တာဖြစ်ပါတယ်။ မြတ်စွာဘုရားဖြစ် ပျက်ရှုခိုင်းရတဲ့ ရည်ရွယ်ချက်က မိမိခန္ဓာမှာ အို၊ နာ၊ သေကို မြင်စေချင်တဲ့အတွက် ရှုခိုင်းတာပါ။ ဖြစ်ပျက်မှုမရှုလျှင် ယခုလို တရားရဲ့ သဘောတွေကို ဘယ်လိုမှသိနိုင်၊ မြင်နိုင်မှာမဟုတ်ပါဘူး။

၃၇။ ခန္ဓာငါးပါးဖြစ်လာတာသည် ဇာတိ၊ ပျက်တာသည် မရဏ လို့ရှုမှတ်ခြင်းဖြင့် မိမိကိုယ်မိမိထပ်ခါထပ်ခါသုံးသပ်ဆင်ခြင်ရင်း လုံးဝ မမြဲတာကိုမြင်လာတဲ့အတွက် မမြဲတရားဆိုတဲ့ သေခြင်း တရားကြီးက အချိန်တိုင်းခြောက် လှန် နှိပ်စက်ပြီးသေမဲ့ အချိန်ကို နေ့စဉ်ထိုင်စောင့်နေရတာဟာကြောက်စရာ အလွန်ကောင်း ပါလားဆိုတဲ့တရားအသိ၊ တရားသဘောတွေ့ပိုပြီး သဘောပေါက် လာမှာပါ။ တစ်ခါဇရာဆိုတဲ့ အိုခြင်းတရားကလည်း နှိပ်စက်၊ ဗျာတိဆိုတဲ့နာခြင်းတရားကလည်း နှိပ်စက်၊ နောက်ဆုံးသေခြင်း တရားကြီးက မိမိကိုဖိစီးနှိပ်စက်နေတာပါလားဆိုတာကို ဉာဏ်က ချဲ့ထွင်စဉ်းစားဆင်ခြင်တဲ့ သမ္မာသင်္ကပ္ပနဲ့ မှ သမ္မသန ဉာဏ်ကို ကောင်းကောင်းသိနိုင်မှာဖြစ်ပါတယ်။

၃၈။ .. သေပြန်တော့လည်းအေးပြီလား? မအေးသေးဘူး။ ခန္ဓာကပြန်ရ၊ ခန္ဓာပြန်ရတော့လည်း အိုနာသေကမလွတ်ပြန်ဘူး။ သေဖို့ အတွက်ထိုင်စောင့်နေရခြင်းက သက်တောင့်သက်သာလေးနဲ့ ထိုင်စောင့်နေရတာမဟုတ်ပါဘူး။ ကံမဖြတ်ခင်ထိမိမိတို့ရဲ့ စားဝတ် နေရေး အတွက် ရှာဖွေရ၊ ဒီခန္ဓာခန္ဓာကြီးကို ပြုစုနေရတာပါ။ သေရမှာ မုချ ဆိုတာကတော့သိပေမယ့် ဆာလောင်တဲ့ ဝေဒနာ လေးကိုတောင်မှ မခံစားနိုင်ပါဘူး။ သေရမှာကိုကြောက်တဲ့ အတွက် အစားအစာတွေကို ရှာဖွေရ၊ မကျန်းမာရင်လည်း ကုသ ပေးရ၊ ဒီခန္ဓာကြီးမြဲဖို့အတွက် ဥတု၊ အာဟာရ၊ စိတ်တွေကို ဘယ် လိုပဲပြုပြင်၊ ပြုပြင် အို နာ သေ ကတော့ မလွတ်ပါဘူး။ မပြုပြင် လို့လည်းမဖြစ်တဲ့အတွက် ပြုပြင်လည်းသေမှာပဲ၊ မပြုပြင် လည်းသေမှာပဲဆိုတဲ့အပေါ်မှာ အထပ်ထပ် သုံးသပ်ရင်း၊ ခန္ဓာကြီး ဖြစ်ရတဲ့ဒုက္ခ၊ ခန္ဓာကြီးပျက်ရတဲ့ ဒုက္ခစတဲ့ဖြစ် ဒုက္ခ၊ ပျက်ဒုက္ခမြင် လာပါလိမ့်မယ်။ သေပြီးရင်လည်း နောင်တစ်ခန္ဓာ ပြန်ရ၊ ရပြန်ရင် လည်း အို နာ သေဘေးကမလွတ်တဲ့ ခန္ဓာ ဒုက္ခ သဘော တွေကို မိမိရဲ့ဉာဏ်နဲ့ နက်နက်ရှိုင်းရှိုင်းမြင်လာမှ ဒုက္ခကို သိတာပါ။

(အနိစ္စသာမညလက္ခဏာ၊ ဒုက္ခသာမညလက္ခဏာမှ အနုတ္တ၏ သာမညလက္ခဏာရောက်အောင်မှတ်ပုံ။)

၃၉။ခန္ဓာရဲ့အရှိသဘာဝတရားတွေကို သုံးသပ်ရင်းဖြင့်မိမိဟာ တကယ်မမြဲပါလားလို့ အနိစ္စရဲ့သဘော၊ ဆင်းရဲတဲ့ဒုက္ခရဲ့ သဘော ဆို တဲ့ သာမညလက္ခဏာ တွေကိုမြင်လာမှာဖြစ်ပါတယ်။ အနိစ္စ ကြောင့် ဒုက္ခဖြစ်ရတာပါ။ မမြဲလို့ဆင်းရဲရတာပါ။ ဒီလိုမမြဲတာ အို နာ သေ ဒုက္ခတွေမဖြစ်အောင်၊ လွတ်အောင် မိမိဘာမှလုပ်လို့မရ ပါဘူး။ ဘာမှလည်းမတတ်နိုင်ပါဘူး။

၄၀။သာမညလက္ခဏာဖြစ်တဲ့အနိစ္စနဲ့ ဒုက္ခရဲ့ သဘောကိုမြင်ပြီ ဆိုရင်တော့အနတ္တလက္ခဏာ၊ ရောက်အောင်သွားနိုင်ဖို့ကို ဒီခန္ဓာ ကြီး ကိုပဲပြန်ရှုမှတ်သုံးသပ်ရမှာပါ။ ခန္ဓာကိုယ်ပေါ်က ဖောက် ပြန်မှု ဝေဒနာဖြစ်တဲ့နာတာလေးဟာ ကိုယ်ကပေါ်အောင်လုပ်တာ လား၊ သူ့သဘာဝ သူ့ဟာသူပေတာလားဆိုတာလေးကိုပြန်ပြီး သေသေ ချာချာ ခံစားရှု မှတ်တဲ့အခါ ပေါ်လာတဲ့ဝေဒနာလေးဟာလည်း သူ့ သဘောနဲ့သူ၊ ပျောက်သွားတာလည်းသူ့ သဘော နဲ့ သူ မဟုတ်လား။ နာတယ်ဆိုတဲ့ ဝေဒနာကို မိမိကလုပ်ယူတာလည်း မဟုတ်ပါဘူး။ မိမိကပျောက်စမ်း ဆိုပြီးအတ္တနဲ့ လုပ်ယူလို့ မရပါ ဘူး။ ဝေဒနာတွေရဲ့ သဘောဆိုတာ သူဟာသူပေါ်ချင်ပေါ်ပြီး ပျောက်ချင်ရင်လည်း သူဖါသာသူပျောက်တာပါ။ ဒါဟာဝေဒနက္ခန္ဓာရဲ့ သူ အလုပ်သူလုပ်နေတဲ့သဘာဝပါ။ နာတာကြီးကို မပျောက်ပျောက်အောင်သွားလုပ်ယူလို့မရပါဘူး။

၄၁။ ဥပမာတစ်ခုဖြင့်ရှုပြရလျှင် ခေါင်းကိုက်လို့ခေါင်းကိုက် ပျောက်ဆေးသောက်လျှင် သက်သာသွားပေမယ့်လည်း နောင် ခေါင်းကိုက်တဲ့ဝေဒနာဆိုတာ ပြန်မဖြစ်ဘူးလား။ နောင်မကိုက် အောင်လည်း လုပ်လို့မရပါ။ ပေါ်လာတာလည်း သူ့ သဘောနဲ့ သူ ပျောက်ချင်ရင်လည်း ဆေးမသောက်လည်းအချိန်တန်လျှင် ပျောက်သွားတာပါပဲ။ ဒီတရားသဘော တွေနဲ့ဆင်ခြင်လျှင် ဖြစ်လာတာလည်း သူ့သဘောနဲ့သူဖြစ်လာပြီး ပျက်သွားတာ လည်း သူ့ သဘောနဲ့ သူပျက်တာမို့ မိမိ အတ္တနဲ့ လုပ်ဆောင်လို့ မရ တဲ့ခန္ဓာရဲ့ သဘာဝအနတ္တပါ။ ခန္ဓာကြီးရဲ့ သဘာဝကတော့ အစိုး မရနေတဲ့ အနတ္တသဘောတွေပါပဲ။

၄၂။ မိမိခန္ဓာကြီးဟာ သူ့သဘောသူဆောင်နေတာဖြစ်လို့ ဒီမမြဲ တာကြီးကိုမြဲအောင်နာနေတာကိုမနာအောင်၊ အနိစ္စကို နိစ္စ ဖြစ်အောင် လုပ်ကြည့်လို့ရနိုင်ပါ့မလား။ အနိစ္စကို နိစ္စလုပ်ကြည့် ပါ။ နိစ္စလုပ်ကြည့်ရင်းနဲ့ လုပ်လို့ မရလေ အနိစ္စကထင်ရှားလေ ဖြစ်ပြီး၊ လုပ်ကြည့်လို့မရလေအနိစ္စလို့ သိလာလေဖြစ်လို့ဒီသဘော တွေ တွေ့လာတဲ့အခါ ခန္ဓာကြီးဟာ သူ့သဘောသူ ဆောင် နေတဲ့ အစိုးမရနေတဲ့ သဘာဝတရားကြီးပါလားဆိုတဲ့ **အနတ္တဉာဏ် ကြီးက ထင်ရှားလာမှာဖြစ်ပါတယ်။

၄၃။ ဆင်းရဲနေတာဟာ မမြဲတဲ့အနိစ္စကြောင့်ပါ။ မသေဘူး ဆိုလျှင် ဆင်းရဲစရာမရှိပါဘူး။ ဘယ်လိုပဲကောင်းတာစား၊ ကောင်း တာတွေဝတ်ပြီးကောင်းအောင်နေပေမယ့် ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏ ဆိုတဲ့ မမြဲတရားကိုတော့မလွန်ဆန်နိုင်ပါဘူး။ ရုပ်နဲ့နာမ် ခန္ဓာငါးပါးဖြစ်ပျက်ရဲ့ သဘောပေါ်မမှနေပြီး အကြောင်းအကျိုး တွေကို ဆင်ခြင်သုံးသပ်လိုက်တဲ့အခါမှ ဒီသာမညလက္ခဏာ တွေ ဖြစ်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ (မမြဲ၊ ဆင်းရဲ၊ အစိုးမရ) စတဲ့ လက္ခဏာ သုံးပါးကို ထင်ထင်ရှားရှား မြင်လာမှာဖြစ်ပါတယ်။

၄၄။ ခန္ဓာငါးပါးဖြစ်ပျက်ကိုမိမိဘာကြောင့်ရှူရတာလဲဆိုတဲ့ ရည် ရွယ်ချက်ကိုသဘောပေါက်လောက်ပြီဖြစ်မှာပါ။ ခန္ဓာငါးပါးရုပ်နာမ် တွေရဲ့ဖြစ်ပျက်ကိုရတယ်ဆိုတာဒီလိုသာမညလက္ခဏာကို မြင်စေ ချင်လို့ရှုရတာပါ။ ခန္ဓာရဲ့ဖြစ်ပျက်ကိုမရှုပဲနဲ ့ သာမည လက္ခဏာ ကို မသိမြင်နိုင်ပါဘူး။ ခန္ဓာဉာဏ်ရောက်အားထုတ်မှသာ သိနိုင် တဲ့တရားပါ။ မမြဲတဲ့လက္ခဏာ၊ ဆင်းရဲတဲ့ လက္ခဏာ၊ အစိုးမရနေ တဲ့ လက္ခဏာဖြစ်တဲ့ ဒီသာမညလက္ခဏာကြီးဟာ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေ သူ့သဘာဝအတိုင်း ဖြစ်ပျက်နေတဲ့ သဘောမို့ #ငါနဲ့ ဘာမှမဆိုင်ပါလား လို့သူ့သဘာဝ အနတ္တကြီးကိုဥပေက္ခာ ပြုလစ်လှူရှုလိုက်တဲ့တန်ဖိုးအလွန်ကြီးပြီး မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို အကျိုးပြုစေသော ဝိပဿနာ၏ အမြင့်ဆုံးဉာဏ်ဖြစ်သည့် သင်္ခါရုပက္ခာဉာဏ်ကို ထိုးဖောက်ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ဝိပဿနာဆိုတာ ဉာဏ်နဲ့ မြင်အောင်ထိုးဖောက်ရှုရတာပါ။ ဒါမှအားကောင်း တဲ့ ဝိပဿနာ ဖြစ်တာပါ။

 

၄၅။ .. အားကောင်းတဲ့ဝိပဿနာဖြစ်ဖို့အတွက် အထက်မှာဟောခဲ့ ၀ိပဿနာကျင့်စဉ် အဆင့်ဆင့်ကိုအစဉ်အတိုင်းစနစ်တကျ အထပ် ထပ်ရှု အထပ်ထပ်ဆင်ခြင်မှသာ သမ္မာသတိ၊ သမ္မာဝါယမ၊ သမ္မာ သမာဓိစတဲ့သမာဓိမဂ္ဂင်သုံးပါးနှင့်သမ္မာသင်္ကပ္ပ၊ သမာဒိဋ္ဌိဆိုတဲ့ ပညာ မဂ္ဂင်နှစ်ပါး၊ ဒီမဂ္ဂင်ငါးပါးရဲ့ကျေးဇူးကြောင့် မမြဲ၊ ဆင်းရဲ အစိုးမရ တဲ့လက္ခဏာသုံးပါးကို ဉာဏ်ကမြင်တဲ့အခါမှာ သီလမဂ္ဂင်(၃)ပါးလည်း ပြည့်စုံပြီဖြစ်လို့ မဂ္ဂင်ရှစ်ပါးပြည့်စုံတာနှင့်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင် တော့မှာဖြစ်ပါတယ်။

 

ဓမ္မအေးရိပ်စာပေဝန်ဆောင်မှုအဖွဲ့