ရုပ် ( ရူပပရိစ္ဆေဒဉာဏ်)

————————————-

၁။ဗုဒ္ဓမြတ်စွာဘုရား၏ ဝိပဿနာတရားကို ဘုရားအဆုံးအမနှင့်အညီ အားထုတ်ကြတဲ့အခါ ယခင်ကမိမိသိထား၊ နားလည်ထားတာတွေဟာ မှားတာလည်းရှိပါမယ်။ မှန်တာလည်းရှိပါမယ်။ဒါတွေကို ခဏဖယ်ထားပြီးဘုရား၏တရားအဆုံးအမနှင့်အညီသေသေချာချာတိတိကျကျ ကိုယ်တိုင်ခန္ဓာဉာဏ်ရောက် အားထုတ်ကြည့်ကြဖို့တိုက်တွန်း မေတ္တာရပ်ခံပါတယ်။

 

၂။ တရားမှာ ဉာတပရိညာ၊ တီရဏပရိညာ၊ ပဟာနပရိညာရယ်လို့ ပရိညာ(၃)ပါးကို အရင်ဆုံးသိစေချင်ပါတယ်။ ဉာတပရိညာဆိုတာကတော့ဆရာများထံမှ နာကြားသင်ယူရ

သော စာအသိ၊ ဗဟုသုတအသိကို ခန္ဓာဉာဏ်ရောက် အသိအဖြစ်ပိုင်းပိုင်းခြားခြား သိအောင် အရင်လုပ်ရတာကို ဉာတပရိညာလို့ ဆိုတာပါ။

 

၃။ ဝိပဿနာအလုပ်ဟာ ဉာဏ်အလုပ်၊ ပညာအလုပ်ဖြစ်တဲ့အတွက် ဖောက်ပြန်တာရုပ်၊ သိတာနာမ်ဆိုတဲ့ အသိလောက်နဲ့တော့ ဝိပဿနာ တရားအားထုတ်လို့မရနိုင်ပါ။ တီရဏပရိညာဆိုတာ ဒီရုပ်နာမ်ပရမတ်တွေကို ပိုင်ပိုင်နိုင်နိုင်သိပြီး ဒီရုပ်နာမ် ပရမတ် တွေရဲ့ဖြစ်ခြင်းပျက်ခြင်းတွေ ကို ပွားများအားထုတ်မှသာတီရဏပရိညာပိုင်းရောက်တာပါ။ဆက်လက်ပွားများအားထုတ်တဲ့အခါအသိမှား၊ အမှတ်မှား၊ အယူမှားတွေပယ်သွားတာကတော့ ပဟာနပရိညာပါပဲ။ ဝိပဿနာအားထုတ်တဲ့အခါ ဒီပရိညာသုံးပါးကို သိထားနားလည်သဘောပေါက်ထားဖို့လိုပါတယ်။

 

၄။ ဘုရားဟောတရားမှာ သမထယာနိကနဲ ဝိပဿနာယာနိကဆိုပြီး အားထုတ်နည်း (၂)နည်းရှိပါတယ်။ ဝိပဿနာယာနိကနည်းနဲ့ ရှုမှတ်အား ထုတ်ခြင်းကတော့ ပညာအဓိကနဲ့သွားတာပါ။

ပညာဉာဏ်ဖြစ်ဖို့အတွက် ဝိပဿနာအားထုတ်တဲ့အခါမှာဘုရားဟောအဆုံးအမနဲ့ အညီ တိတိကျကျအားထုတ်မှသာလျှင်တရားအသိဉာဏ်တိုးမှားဖြစ်တဲ့အတွက် ဘုရားရှင်သင်ကြားပေးတဲ့အတိုင်းတရားကိုအခြေခံကစပြီး လေ့လာရှုမှတ်ကြည့်ကြရအောင်ပါ။

 

၅။ မြတ်စွာဘုရားကတရားရှာဘယ်မှာရှာခိုင်းတာလဲဆိုရင်ခန္ဓာမှာရှာ ခိုင်းတာပါ။ အပြည့်အစုံဆိုရင်တော့ ခန္ဓာငါးပါး

မှာတရားရှာရမှာပါ။ ဒါ့ကြောင့်ခန္ဓာငါးပါးစလုံးကို သိရမှာပါ။

ခန္ဓာငါးပါးကိုချုံ့လိုက်ရင်တော့ ရုပ်နဲ့ နာမ်ပါ။ ခန္ဓာငါးပါးမှာ တရားရှာရမှာ ဖြစ်တဲ့အတွက် အဓိကဖြစ်တဲ့ရုပ်အကြောင်း နာမ်အကြောင်းတွေရဲ့ အခြေခံကို ပိုင်ပိုင်နိုင်နိုင်သိဖို့လိုပါတယ်။

**မြတ်စွာဘုရားက ရုပ်ဆိုသည်မှာ ဓါတ်ကြီးလေးပါးတွေဖောက်ပြန်နေတဲ့ သဘောကို ရုပ် လို့ဟောခဲ့ပါတယ်။ ဒါကလည်းပရမတ် ရုပ်ကို ပြောတာပါ။ ဓာတ်ကြီးလေးပါး တွေဖြစ်တဲ့ ပထဝီ၊

အာပေါ၊ တေဇော၊ ဝါယောဆိုတာ ကိုသိရုံနဲ့ တော့ မရပါ ဘူး။

ဒီဓာတ်ကြီးလေးပါးတွေရဲ့ သဘာဝသတ္တိတွေကို မိမိရဲ့ခန္ဓာမှာသိအောင်မြင်အောင်လုပ်ရမှာပါ။

 

၇။ ပထဝီရဲ့ပရမတ်သဘာဝသတ္တိသည် မာသဘော၊ ပျော့သဘော၊ အာပေါရဲ့ သဘာဝသတ္တိကတော့ စုစည်းသဘော၊

ဖွဲ့စည်းသဘော၊ ယိုစီး သဘောရှိပါတယ်။ ဝါယောရဲ့ သဘာဝသတ္တိသည် တွန်းသဘော၊ ကန် သဘောနဲ့ တေဇောရဲ့ သဘာဝသတ္တိကတော့ ပူသဘော၊ အေးသဘော ဆိုတဲ့ ဓာတ်လေးပါးဟာ

သူ့သဘာဝသတ္တိတွေရှိကြပါတယ်။ ဒါကတော့ ဘုရားဟောပရိယတ်တွေပါ။ လက်တွေ့ အားထုတ်တဲ့အခါမှာတော့ ဘုရားရှင်ကိုယ်တိုင်ခန္ဓာမှာ သိအောင်ရှုခဲ့ရတဲ့ တရားဖြစ်တဲ့အတွက်ဘုရားရှင် ကိုကြည်ညိုလေးစားစိတ်နဲ့ လက်တွေ့ အလုပ်ခွင်ဝင်ရှုမှတ်ကြရအောင်ပါ။

∆∆ပထဝီရဲ့သဘာဝသတ္တိကိုလက်တွေ့ရာကြရအောင်∆∆

 

၈။ ပထဝီရဲ့ ပရမတ်သဘာဝသတ္တိသည် မာသဘော၊ ပျော့သဘောဖြစ်တဲ့အတွက် ပထဝီရဲ့ သဘောကို လက်တွေ့ သိရအောင် မိမိရဲ့ နဖူး လေးကိုစမ်းကြည့်လိုက်ပါ။ နဖူးကိုနဖူးလို့သိတာသည် ပညတ်အနေနဲ့ သိတာဖြစ်တဲ့အတွက် မမှားပါဘူး။ တစ်ခါနဖူးကို လက်ကလေးနဲ့ အာရုံခံစားပြီးထိကြည့်လိုက်တဲ့အခါ နဖူးရဲ့ အသားတွေ အရေပြားတွေဟာ နူးညံ့ပျော့ပျောင်းနေပါတယ်။ နာနာလေး ဖိကြည့်တဲ့အခါမှာ အရိုးတွေကို သွားထောက်မိတဲ့ အတွက် မာတဲ့သဘောကို ခံစားမိမှာပါ။ ဒီလိုခံစားပြီးသိတဲ့ အသိ ဟာ မာသဘောပျော့သဘောလို့သာခံစားပြီးသိနေတဲ့အရှိ ပရ မတ်အသိဖြစ်ပါတယ်။ ဒါဟာဘုရားပြောတဲ့ပထဝီရဲ့ သဘာဝ သတ္တိတွေပါပဲ။ နဖူးလို့သိတာသည် ပညတ်အသိ၊ မာသဘော ပျော့သဘောလို့ သိတာသည် ပရမတ်အသိဖြစ်တဲ့အတွက် ဘုရား ဟောတဲ့ ပထဝီတစ်လုံး ကိုမိမိရဲ့ကိုယ်ပိုင်ဉာဏ်နဲ့ သိအောင် ခန္ဓာ ဉာဏ်ရောက်လက်တွေ့ပြုလုပ်ရမှာပါ။

၉။ တစ်ခါ ပါးလေးကိုလည်း လက်တွေ့ ခံစားပြီး စမ်းသပ်ကြည့် လိုက်ပါ။ ပါးရဲ့အသားလေးတွေဟာ ပျော့ပြောင်းနေပြီး ခပ်နာနာ လေးဖိကြည့်တဲ့အခါ အရိုးတွေကို ထောက်မိတဲ့အတွက် မာတဲ့ သဘောကိုလည်း ခံစားမိမှာပါ။ ဒါဆိုရင်ပါးဆိုတဲ့ ပညတ်ကိုသိ တာလား၊ ခံစားသိနေတဲ့ မာသဘော ပျော့သဘော ကိုသိ တာလား ဆိုတာ လက်တွေ့ စမ်းသပ်ရင်း သိလာမှာပါ။ မိမိကိုယ် တိုင်ပထဝီ ဆိုတာ မာသဘောပျော့သဘောပါလားလို့ ကိုယ်ပိုင် ဉာဏ်နဲ့ သိလာတဲ့အရှိ ပရမတ်အသိပါ။

၁ဝ။နောက်တစ်ဆင့်အနေနဲ့ မိမိရဲ့ ခန္ဓာကိုယ်အနှံ့ကို လက်ညှိုး လေးနဲ ့ လိုက်ထောက်ကြည့်လိုက်တဲ့အခါ ခေါင်း၊ မျက်နှာ၊ လည်ပင်း၊လက်မောင်း၊ ခြေထောက်၊ ခါးစသည်ဖြင့် တစ်ကိုယ် လုံး ဘယ်နားကို ထောက်ကြည့် ကြည့်မာတာ နဲ့ ပျော့ တာကိုပဲ ခံစားသိ နေတဲ့အတွက် နဖူး၊ ပါး၊ ခေါင်း၊ ခြေထောက်၊ လက်မောင်းစတဲ့ လောကီပညတ်တွေကွာသွားပြီး မာတယ်၊ ပျော့တယ်ဆိုတဲ့ ပထဝီရဲ့ပရမတ်သဘောကို ပိုင်ပိုင်နိုင်နိုင်အား ထုတ်ပြီး သိလာမှာဖြစ်ပါတယ်။

 

၁၁။ပညတ်ဆိုတာလည်း သမုတိသစ္စာဖြစ်တဲ့အတွက် ပယ် စရာမလိုပါဘူး။ ပညတ်နေရာမှာ ပရမတ်သဘောကအစားထိုး လာတဲ့အတွက် ပညတ်ကအလိုလိုဘေးဖယ်ပေးရပါတယ်။ မိမိရဲ့ ခန္ဓာကိုယ် တစ်ခုလုံးနေရာအနှံ့ လက်နဲ့ ထောက်ကြည့် စမ်းကြည့် လိုက်တိုင်းမာခြင်း၊ ပျော့ခြင်းသဘောတွေကိုသာတွေ့ နေရတဲ့ အတွက် ဒီခန္ဓာကိုယ်တစ်ခုလုံးဟာ ပထဝီဆိုတဲ့ မာခြင်း၊ ပျော့ခြင်း၊ သဘောတွေသာရှိပါလား။ ဒီခန္ဓာကိုယ်ကြီးတစ်ခုလုံးဟာ ကြီးနဲ တည်ဆောက်ထားပြီး ပထဝီသဘောတွေသာရှိနေပါ လားလို့ မိမိရဲ့ဉာဏ်နဲ့ ပထဝီတစ်လုံးကို ပိုင်ပိုင်နိုင်နိုင်သိလာပါ လိမ့်မယ်။ ဒါကြောင့်ပထဝီရဲ့ သဘာဝ သတ္တိသဘောတွေကို လက်တွေ့ကျကျခံစား ပြီးနှလုံးသွင်း ကြိုးစားအားထုတ်ကြည့်ပါ။

∆∆အာပေါရဲ့သဘာဝသတ္တိကိုလက်တွေ့ရာကြရအောင်∆∆

၁၂။ အာပေါရဲ့ သဘာဝသတ္တိသည် ယိုစီးသဘော၊ ဖွဲ့စည်း သဘောရှိပါတယ်။ ပထဝီဆိုတဲ့ ဒီခန္ဓာကိုယ်အထည် သဏ္ဍာန် ကြီး ကနေပြီး ချွေး၊ နှပ်၊ တံတွေး၊ သွေး၊ ဆီးတို့က ယိုစီးတဲ့ အတွက် အာပေါရဲ့သဘော ယိုစီးတာကိုတော့ အလွယ်တကူ သိနိုင်ပေမယ့် အာပေါရဲ့ဖွဲ့စည်းသဘောကိုတော့ စိတ်မှာဝီစိကိစ္စ ဖြစ်တတ် ပါတယ်။ ပထဝီထဲမှာရေဓာတ်တွေပါနေပါတယ်။ ဥပမာ-မြေကြီး ကပထဝီမို့ မြေကြီးအောက်မှာရေရှိနေတဲ့အတွက် ရေတွင်းတွေ၊ အဝီစိတွင်းတူးကြသလို မိမိရဲ့ပထဝီခန္ဓာမှာလည်း ရေတွေနဲ့ဖွဲ့စည်း ထားတဲ့သဘောပါ။ ရေဓာတ်လွန်ကဲရင် ယိုစီးတဲ့သဘောဖြစ်လာ တာပါပဲ။ သစ်ရွက်လေးတစ်ရွက်ကို ခြေကြည့်လိုက်တဲ့အခါ ရေထွက်လာသလို ဒီပထဝီဆိုတဲ့ သစ်ရွက်လေးဟာလည်း ရေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ သိနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့လက်ကို လည်း သေချာစွာဖိညှစ်ကြည့်ရင်လည်း အဆီတွေသွေးတွေထွက် လာတာဟာလည်း ပထဝီမှာ အာပေါပါတယ်ဆိုတဲ့သဘောပါပဲ။ ၁၃။ ရှေးဆရာတွေက အာပေါရဲ့ဖွဲ့စည်းမှုသဘောကို သိ အောင် ဂျုံမှုန့်၊ မြေမှုန့်တို့ကို ရေနဲ့ ရောစပ်ပြီး အတုံးအခဲ အဖြစ်နဲ့ လိုချင်သလို ပုံဖော် သကဲ့သို့ မိမိရဲ့ ခန္ဓာကိုယ်ကို ကြည့်ရင်လည်း နားရွက်၊ နှာခေါင်း၊ လက် စသည်ဖြင့် သူ့ပုံသဏ္ဍာန်နဲ့ သူရှိနေတာ ကိုကြည့်ပြီး ပထဝီနဲ ့အာပေါရဲ့ ဖွဲ့စည်းထားပုံကို သိနိုင်မှာဖြစ်ပါတယ်။

၁၄။ . ဒါဆိုရင် ခန္ဓာကိုယ်ကြီးမှာ ဘယ်လိုပဲစမ်းကြည့်စမ်းကြည့် ပထဝီရဲ့ သဘောကိုလည်းသိနိုင်ပြီး ပထဝီလို့သိလိုက်တာနဲ့ အာပေါရဲ့ သဘောတွေပါပါနေတာကိုသိလာရင် မိမိဟာဓာတ် နှစ်ပါးဖြစ်တဲ့ ပထဝီနဲ့ အာပေါကိုသေသေချာချာ သိမြင်လာပြီမို့ ဝါယောရဲ့ သဘောကို ဆက်ကြည့်ကြရအောင်။

∆∆ ဝါယောရဲ့သဘာဝသတ္တိကိုလက်တွေ့ရာကြရအောင်∆∆

 

၁၅။ ဝါယောရဲ့ သဘာဝသတ္တိသည် တွန်းသဘော၊ ကန် သဘော၊ ထောက်ခံသဘောတွေပါ။ ပထဝီမှာအာပေါရဲ့ သတ္တိ တွေပါသလို၊ ဝါယောရဲ့ သဘာဝသတ္တိ တွေလည်းပါနေပါတယ်။ ဥပမာ လွယ်လွယ် ပေးရရင် မျက်ခုံးလှုပ်ဖူးကြမှာပါ။ မျက်ခုံးလှုပ် တာက ဘယ်သူကလှုပ်တာလဲ၊ ပထဝီကြီးက လှုပ်တာပါ။ ဒီလို လှုပ်သွား အောင်တွန်းကန်ပေးတာက ဝါယောကြောင့်ပါပဲ။ ဝမ်း ဗိုက် ထဲမှာ ထိုးအောင့်တယ်ဆိုတာလည်း ဝါယောတွေ တွန်း ကန်နေလို ့ပါပဲ။ လမ်းလျှောက်တဲ့ခြေလှမ်းတိုင်းဟာလည်း ဝါယောက တွန်းကန် လို့လျှောက်နိုင်သလို၊ ခန္ဓာကိုယ်ကြီးထိုင်နေ တာကလည်း ဝါယော ကထောက်ခံပေးထားလို့ထိုင်နိုင်တာပါ။ ဒါဆိုရင် ဝါယောရဲ့ သတ္တိတွေကို သိလိုက်တာနဲ့ ပထဝီ၊ အာပေါ ဝါယောဆိုတဲ့ ဓာတ် (၃)ပါးကို ခိုင်ခိုင်မာမာသိပြီဖြစ်လို့ တေဇော သဘောကို ကြည့်ကြရအောင်။

 

∆∆တေ‌‌ေဇာရဲ့သဘာဝသတ္တိကိုလက်တွေ့ရာကြရအောင်∆∆

၁၆။ တေဇောရဲ့ သဘာဝသတ္တိကတော့ ပူသဘော အေး သဘောပါ ပထဝီမှာ တေဇောရဲ့ သဘောတွေပါ တာကိုလည်း လက်တွေ့ ရှုကြည့်ရမှာပါ။ ဖျားနာတဲ့အခါ ဘယ်ကိုစမ်းသလဲ ဆိုရင် နဖူးကို စမ်းကြပါတယ်။ ဒီလိုစမ်းတဲ့အခါ ပထဝီဆိုတဲ့ နဖူးမှာ ပူတဲ့သဘော တေဇောကို ရှာတွေ့ နိုင်ပါတယ်။ ပထဝီမှာဝါယော တွေ တွန်း ကန်နေတဲ့အတွက် အပူဓာတ်တွေထွက်လာတဲ့ သဘောမို့ ပထဝီကြီးကိုစမ်းကြည့်တဲ့အခါ ပူသဘော၊ အေး သဘောဆိုတဲ့ တေဇောတွေလည်း ပါနေပါတယ်။

 

၁၇။ ကိုယ်ပိုင်ဉာဏ်နဲ့ သိဖို့အတွက် ဓာတ်ကြီးလေးပါး တွေရဲ့ သဘာဝ သတ္တိတွေကို လက်တွေ့ကျကျအလုပ်ခွင်ဝင်ရှူမှ ဓာတ် လေးပါးစလုံးကို တစည်းတလုံးတည်းရှိနေတာကိုသိလာမှာဖြစ်ပြီး မိမိရဲ့တစ်ကိုယ်လုံးဟာ ပရမတ်တရားတွေဖြစ်တဲ့ ဓာတ်ကြီး လေးပါးတွေနဲ့ဖွဲ့စည်းထားတာကို ပြတ်ပြတ်သားသား သိမြင် လာမှာ ဖြစ်ပါတယ်။ ဒီလိုပရမတ်သဘောကို သိလာပြီဆိုရင်တော့ တစ်ကိုယ်လုံးမှာ ရှိတဲ့ ခေါင်း ခြေ လက် ဆိုတာတွေဟာ ပညတ် တွေ၊ တကယ်တော့ ခန္ဓာကိုယ်တစ်ခုလုံးဟာ ပရမတ် တရားဖြစ်တဲ့ ဓာတ် ကြီး လေးပါးတွေပါလားလို့ ကွဲကွဲ ပြားပြား သိလာတာဟာ သမ္မာဒိဋ္ဌိဉာဏ်ပါပဲ။

ဓါတ်ကြီးလေးပါး (ရုပ်) ရဲ့သဘောသဘာဝကို ဘယ်လိုကြမလဲ။

၁၈။ ဓါတ်ကြီးလေးပါးတွေရဲ့ သတ္တိတွေကိုရှုမှတ်ပြီးတဲ့အခါ ဒီဓါတ်လေး ပါးတွေရဲ့ သဘောသဘာဝကိုလည်း ထပ်သိဖို့ ကြိုး စားရမှာပါ။ မြတ်စွာ ဘုရားက **ရုပ်ဆိုသည်မှာ ဓါတ်ကြီး လေး ပါးတွေဖောက်ပြန်နေတဲ့ သဘောကိုရုပ် လို့ဟောထားတဲ့ အတွက် ဖောက်ပြန်တတ်တဲ့သဘောကို ခန္ဓာမှာရှုကြည့်ရအောင်။

၁၉။ ဦးစွာမိမိရဲ့ ခန္ဓာကိုယ်ကို အရှုခံထားပြီး စိတ်အေးအေးနဲ့ ရှုကြည့်ပါ။ ခန္ဓာကိုယ်ရဲ့တစ်နေရာရာမှာ နာတယ်လို့ခံစားရတဲ့ အခါ (ဥပမာ) တင်ပါး၊ ပေါင်နေရာမှာ နာနေတယ်ဆိုပါစို့၊ နာတဲ့ နေရာကို စိတ်ကညွှတ်မိပြီး နာတဲ့အပေါ်မှာ ဉာဏ်နဲ့ ဆင် ခြင်သုံး သပ်ရပါမယ်။ နာတဲ့နေရာဟာ အသားအရိုးတွေမှာ ဖြစ်တဲ့ အတွက် ပထဝီမှာဖြစ်တာ၊ ပထဝီမှာဖြစ်တာလို ့ သိလိုက်တာ နဲ့ အာပေါကပါပြီးသားပါ။ တခါနာတာလေးက တိုးလိုက် လျော့ လိုက် ဖြစ်နေတဲ့ ဝါယောတွန်းကန်မှုသဘောတွေ၊ နာတဲ့နေရာလေး မှာထူပူနေတဲ့ တေဇောသဘောစတဲ့ ဓာတ်ကြီးလေးပါးတွေရဲ့ သဘောကို ခံစားပြီးရှုမှတ်တဲ့အခါ နာတာကိုသိတာလား၊ ဓာတ် ကြီးလေးပါးတွေ ဖောက်ပြန်နေတာလားလို့ ကိုယ့်ကိုယ်ကို အမေး အဖြေလုပ်ကြည့်ရင် ဓာတ်ကြီးလေးပါးတွေဖောက်ပြန်နေတာဆိုတဲ့ အဖြေကိုဉာဏ်နဲ့ ပိုင်းခြား သိလာမှာဖြစ်ပါတယ်။

 

၂၀။နာရင်နာတယ်။ ကျဉ်ရင်ကျဉ်တယ်။ ယားရင်ယားတယ်လို့ သိတာဟာ ဘာမှမမှားပါဘူး။ အမှန်တကယ်ရှိတဲ့

ပညတ်တွေ ဖြစ်လို့ သမုတိသစ္စာအနေနဲ့ မှန်ပါတယ်။ ဒီပညတ် အသိပေါ်က နေမှ ဝိပဿနာဉာဏ်သွင်းပြီး ပရမတ်ဆိုက်အောင်ရှု ရမှာပါ။ နာတာ၊ ကျဉ်တာ ကိုက်တာ၊ ယားတာတွေဟာ ဓာတ် ကြီးလေးပါးတွေရဲ့ ဖောက်ပြန်မှုသဘောတွေပဲလို့ ဝိပဿနာ ဉာဏ်နဲ့ ထိုးထွင်းသိလာပြီမို့ ဓာတ်ကြီးလေးပါးတွေရဲ့ သဘော သဘာဝကို ထပ်ပြီး ရှုမှတ်ကြရအောင်။

 

၂၁။ ဓာတ်ကြီးလေးပါးတွေရဲ့ သဘာဝတရား ဆိုတာ ဖောက် ပြန်ပျက်စီးပြောင်းလဲနေတဲ့ သဘောပါလို့ မြတ်စွာဘုရား ဟော ကြားထားတာ ဖြစ်တဲ့အတွက် မိမိကလည်း ရှူလိုက်တဲ့အခါ တိုင်း နာတာလေးကလည်း ငြိမ်ငြိမ်မနေတိုးလိုက်လျော့လိုက် ယားတာ လေးကလည်း ငြိမ်ငြိမ်မနေ တရွရွနဲ့ ဖောက်ပြန်နေပြီး ကိုက်နေ ရင်လည်းတဆစ်ဆစ်နဲ့ မတည်မငြိမ် လှုပ်ရှားပြောင်းလဲပြီး မမြဲ နေတာကို မိမိရဲ့ဉာဏ်အရာမှာ ဓာတ်ကြီးလေးပါးတွေဟာ ဖောက် ပြန်တတ် တဲ့ သဘောရှိတယ်ဆိုတာကို အလေးအနက် သိလာမှာ ဖြစ်ပါတယ်။ ဒီလိုလေးလေး နက်နက်သိမြင်လာတဲ့ အခါမှသာ ဘုရားဟောတဲ့ရူပပရိစ္ဆေဒဉာဏ်ဆိုတဲ့ ရုပ်တစ်လုံးကိုပိုင်ပြီ လို့ ပြောလို့ရ ပါတယ်။ ဒီလိုသိလာပြီဆိုရင် ဒီရုပ်တရားကို မဂ္ဂင်တွေနဲ့ *ဘယ်လို ရှုမှရတယ်ဆိုတာကိုလည်းထပ်ပြီး ရှင်းပြပါအုန်းမယ်။

ရုပ်တရားကိုမဂ္ဂင် (၅)ပါး ပြည့်အောင် ဘယ်လိုရှုကြမလဲ။

 

၂။ . မိမိရဲ့ခန္ဓာကိုယ်မှာ နာတဲ့နေရာလေးကို စူးစိုက်ပြီးသိလိုက် တာက သတိ (သမ္မာသတိ) ကြောင့်ပါ။ ဒီနာတဲ့အာရုံလေးအပေါ် ကို ဂရုတစိုက် ရှုမှတ်ပြီးအာရုံလေးတွေအဆက်မပြတ်အောင် ဝီရိယစိုက်ရှူနေတာက ဝီရိယ (သမ္မာဝါယမ) ကြောင့်ပါ။ ဒီလို ဝီရိယလေးပါလာပြီဆိုရင် နာတဲ့ အာရုံလေးပေါ်မှာ စိတ်ကလေး တည်ကြည်နေတာကတော့ သမာဓိ (သမ္မာ သမာဓိ) မဂ္ဂင်ဖြစ် နေပါပြီ။ နာတဲ့သဘောလေးရဲ့ပေါ်မှာ သုံးသပ်ဆင်ခြင်နေတာ ကတော့ (သမ္မာသင်္ကပ္ပ) ပညာမဂ္ဂင်ပါပဲ။ ပညာမဂ္ဂင်ဖြစ်တဲ့ သမ္မာ သင်္ကပ္ပနဲ့ သုံးသပ်ဆင်ခြင်မှ ဒီနာတာဟာ ပထဝီမှာဖြစ်တာပါ လား၊ ဓာတ်ကြီးလေးပါးတွေဖောက်ပြန်နေတဲ့ သဘောတွေပါ လားလို့ ပိုင်းပိုင်း ခြားခြားသိတာက (သမ္မာဒိဋ္ဌိ) ပညာဉာဏ်ပါပဲ။

၂၃။ နာတာလေးပေါ်မှာ သတိရယ်၊ ဝီရိယရယ်၊ သမာဓိရယ် ဒီမဂ္ဂင်သုံး ပါးထဲနဲ့ ရှုမှတ်နေမယ်၊ နာတာတစ်ခုထဲကို စူးစူးစိုက် စိုက်ရှုနေမယ်ဆိုရင်တော့ သမာဓိပဲရပြီး သမထအဆင့်လောက် သာ ရှုမှတ်နေတာပါ။ ဝိပဿနာရှုတဲ့ အပိုင်းမှာကတော့ အရေး ကြီးတဲ့ပညာမဂ္ဂင်ပါရမှာဖြစ်တဲ့ အတွက် ဆင်ခြင်သုံးသပ်တဲ့ သမ္မာ သင်္ကပ္ပ ပညာမဂ္ဂင်မပါလျှင် သမ္မာဒိဋ္ဌိဆိုတဲ့အမြင်မှန်ဘယ်လိုမှမရ နိုင်ပါဘူး။ပညာမဂ္ဂင်နဲ့ ရှုမှတ်မှလည်း ဝိပဿနာ မဂ္ဂင်ငါးပါးပြည့်စုံမှာပါ။ မဂ္ဂင်ငါးပါးပြည့်ပြီဆိုတာနဲ့ ကျန်တဲ့ သီလမဂ္ဂင် အလိုလို ဆိုက်ပြီး နိဗ္ဗာန်၊ မဂ်၊ ဖိုလ်ဆိုက် ရောက်မှာမို့ အရေးကြီးတဲ့ပညာ မဂ္ဂင်ကိုမရှုမှတ်လို့မရပါဘူး။

၂၄။ ယခုရှုမှတ်ပုံကို ဖော်ပြခဲ့သောတရားသည် ဝိပဿနာကို တိုက်ရိုက်ရှုတဲ့နည်း၊ ပညာအဓိကနဲ့သွားတဲ့ ပညာမဂ္ဂင်နည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာမည်သည့်ဝေဒနာပဲပေါ်လာ ပေါ်လာ ဝေဒနာမှန်သမျှကို ဓာတ်ကြီးလေးပါး တစ်ပါးခြင်းစီရဲ့ သဘော ကိုမြင်အောင်ရှုရပြီး ဓာတ်ကြီးလေးပါးရဲ့ ဖောက်ပြန်တဲ့သဘော ကိုလည်း မိမိရဲ့ ဉာဏ်ကသံသယ ကင်းကင်း၊ ဝီစိကိစ္စ ကင်းစင် သွားလျှင် ရူပပရိစ္ဆေဒဉာဏ် (ရုပ်) ကိုပိုင်တဲ့ဉာဏ်ပါပဲ။ ပိုင်းပိုင်း ခြားခြားမသိသေးလျှင်တော့ (ရုပ်) ကို ပိုင်နိုင်စွာ လေ့ကျင့်ရှုမှတ်မှ သာ တရားရှေ့ဆက်နိုင်မှာဖြစ်တဲ့အတွက် အထူးသတိ ထားပြီး ရှုမှတ်ကြရန် အကြံဉာဏ်ပေးချင်ပါတယ်။ ဘုရားရှင် အဆုံးအမ အတိုင်း ဓာတ်ကြီးလေးပါးတွေဖောက်ပြန်နေတဲ့ သဘောကိုရုပ် လို့ ခန္ဓာဉာဏ်ရောက်အောင် ဟောကြားထားတာဖြစ်တဲ့ အတွက် ယုံကြည်မှု သဒ္ဓါများဖြင့် အားထုတ်ကြည့်ကြပါရန် တိုက်တွန်းနှိုး ဆော်ရင်းဆက်ပြီး နာမ်တရားရှုမှတ်ပုံအကြောင်း ဆက်လက် ဖော်ပြသွားမှာဖြစ်ပါတယ်။

အားလုံးကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ။