ဤ Zoom Vipassana Centre တွင် ဝိပဿနာတရားများအား ဆရာတော်အရှင်ပညာစက္က(မေမြို့တောရ)မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ယောဂီအသစ်များအား လစဉ် ၁ ရက်နေ့မှ ၁၀ ရက်နေ့ထိ လွယ်ကူရှင်းလင်းသော သင်ကြားနည်းစနစ်များဖြင့် မိမိတို့၏ဉာဏ်၌ ပရမတ်တရားများ ကိန်းအောင်လာ သည်အထိ လမ်းပြပေးတော်မူလျှက်ရှိပြီး ကျန်ရှိသော နေ့ရက်များတွင် အာစိဏ္ဏကံတရားဆွေးနွေးဟောပြခြင်းများအား နေ့စဉ် မြန်မာစံတော်ချိန် ည ၀၇၃၀ နာရီမှ ၀၉၃၀ နာရီချိန်ထိ မနေမနားတရားလမ်းပြတော်မူခဲ့ရာမှာ ယနေ့ထိတိုင်ဖြစ်ပါသည်။

 

ဆရာတော်ဘုရား၏ ဝိပဿနာလမ်းပြတရားတော်သည် မိမိတို့၏သန္တာန်၌ ဝိပဿနာတရားအား ဗုဒ္ဓအလိုကျ သိရှိစေရုံသာမက မိမိတို့၏ဉာဏ်၌ ပရမတ်အမြင်များဖြစ်သော ရုပ်တရားနာမ်တရားတို့ကို မှန်မှန်ကန်ကန် ခွဲခြားသိမြင်နိုင်သည့် နာမရူပပရိစ္ဆေဒဉာဏ်မှ စတင်၍ အထက်ဝိပဿနာဉာဏ်များ အဆင့်ဆင့်ဖြစ်ပေါ်ရရှိပြီး ချမ်းသာစစ်ချမ်းသာမှန်ဖြစ်သည့် မဂ်ဖိုလ်နိဗ္ဗာန်ထိ ဆိုက်ရောက်နိုင်ကြစေရန် ဝိပဿနာယာနိကဖြင့် လမ်းပြပေးလျှက်ရှိပါသည်။ ဝိပဿနာတရားသည် ခက်ခဲနက်နဲလွန်းပေ၏။ သို့သော် မည်သည့်ပညာရပ်မဆို နည်းမှန်လမ်းမှန်အား သိရှိလုပ်ဆောင်သွားပါက လွယ်ကူစေပါသည်။ ဝိပဿနာတရားအားထုတ်ရာတွင် ခန္ဓာ၏ ပရမတ်တရားများကို မည်သို့မြင်အောင် အားထုတ်ရမည်ဆိုတာ မသိ၍ ခက်ခဲစေသလို ၎င်း ပရမတ်တရားတွေအပေါ်ကနေ မည်သို့စဉ်းစားဆင်ခြင်ရမည်ဆိုသော အချက်များကို မသိ၍ ခက်ခဲခြင်းသာ ဖြစ်ပေသည်။

ပရမတ်တရားတွေကို သိလေလေ ပညတ်ပေါ်မှာ စွဲနေသော အသိမှား၊ အယူမှား၊ အမှတ်မှားတွေ ကင်းစင်လာလေလေ မိမိတို့၏ကိလေသာများ လျော့ပါးလာလေလေ ဖြစ်ပေတော့သည်။ “ တကယ်တော့ တရားက ခက်ခဲတာမဟုတ်ပါဘူး တရားကို ဘယ်လိုအားထုတ်ရမှန်း မသိလို့ ခက်ခဲတာဖြစ်ပါတယ် ’’ ဝိပဿနာတရားအားထုတ်ရာတွင် ယောဂီများ၏ အိန္ဒြေရင့်သန်မှု၊ မာန်မာန ကင်းစင်နေမှုတို့အပေါ် ၌ များစွာမူတည်နေပါသည်။ သို့ကြောင့် ဝိပဿနာစတင်အားထုတ်ရာ၌ မိမိတို့၏ မာန်မာနတရားများကို ​ကြိုးစား ရှာဖွေဖယ်ခွာကြစေလိုပါသည်။